ငါ မပြောတဲ့ ဘာသာစကား
Nay Thit
(၁)
ငါမပြောတဲ့ ဘာသာစကားရဲ့ အာခေါင်ထဲမှာ ငါ အိပ်ရာက ထ လာတယ်
ငါ မပြောတဲ့ ဘာသာစကားက ငါတို့ကို သီလဆောက်တည်ပေးဖို့ ကြိုးစားတယ်။ ငါတို့ကို စကားလှမ်းပြောသလိုနဲ့ ငါတို့အကြောင်းကို တခြားသူတွေဆီ ပြောဖို့ ကြိုးစားနေတာမျိုး။ ဒီအတွေ့အကြုံက ယဇ်ပူဇော်စတေးမှု အခမ်းအနားတခုခုနဲ့ ဆင်ဆင်တူပေမယ့် တကယ်တမ်းမှာ အစမ်းလေ့ကျင့်မှု အကြိမ်ရေများစွာထဲက တစ်ခုပါပဲ။ အသက် ဝဝရှူဖို့ ကြိုးစားပေမယ့် အလကားပဲ ဖြစ်လာတယ် ။ ငါ မပြောတဲ့ ဘာသာစကားရဲ့ နို့နှစ်ရောင် ဟာသဉာဏ်လျှာအောက်ထဲမှာ ငါတို့ အရင်ဘဝအားလုံးရဲ့ အရိုးစုတွေ အရည်ပျော် စပြုနေတာကို မြင်နေရတယ်။ ဒါတွေဟာလည်း ငါတို့တွေထဲမှာ ထပ်မံ အကျုံးဝင်နေပြန်တယ်။
(၂)
ငါ မပြောတဲ့ ဘာသာစကားရဲ့ အူသံဟာ ငါတို့ထဲက တစ်ယောက်အဖြစ် ရုပ်ဖျက်ပြီး နေထိုင်တယ်၊ ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှုဟာ သူ့ နာမည်ပြောင်တွေထဲက တစ်ခု ဖြစ်တယ်
ပင်လယ်ကို လွန်ဆန်ရင်း သေသွားရသူတွေရဲ့ စုပေါင်း အူကလီစာမှတ်ဉာဏ်တွေ လင်းလက်နေတာ နေရောင်ထဲက ဆားကြမ်းပွင့်တွေလိုပဲ။ ဘယ်သူမှလည်း အထွေအထူး ဂရုစိုက်မနေပေမယ့် တချို့တွေက အတိတ်နဲ့ စကားပြောနိုင်တယ်၊ တချို့တွေ စက်ဘီးသံခွေတွေကို တစ်ခုပြီး တစ်ခု မျိုချမယ်။ အချိန်တန်တောင် ပြန်မလာတဲ့ လက်သည်းကုတ်ခြစ်ရာတွေရဲ့ ကြွင်းကျန်သမျှ ပုံရိပ်အားလုံးအနေနဲ့ ရှိနေတဲ့ ညှီရှရှ မွှေးရနံ့ကို ငါတို့ထဲက တချို့လည်း မုန်းတီးလှပြီ။
ကျန်တဲ့ တချို့တဝက်တွေလည်း ကြမ်းပြင်ပေါ်မှာ ကျောက်ခဲချွန်တွေနဲ့ နေဝင်ပြီဆိုတဲ့ စကားလုံးချည်းပဲ ရာနဲ့ ထောင်နဲ့ ချီပြီး ရေးတယ်။ တချို့ကတော့ တခြားသူတချို့ စကားပြောပြောနေတဲ့ အတိတ်ဟာ သူတို့ပါလို့ သက်သေပြဖို့ ကြိုးစားတယ်။
(၃)
ငါမပြောတဲ့ ဘာသာစကားက ငါတို့ကို အပျော်ဖတ်တယ်၊ ငါတို့ထဲက တချို့က ဒါကိုပဲ အတတ်နိုင်ဆုံး လက်စားချေမှု တစ်ခုလို့ ယူဆထားတယ်
ဒါပေမယ့် ငါကတော့ ဒီလိုမဟုတ်ပါဘူး။ ဘယ်လို ဟုတ်တာလဲ လို့ မေးရင် မဖြေတတ်မယ့် လူကလည်း ငါ တစ်ယောက်တည်း မဟုတ်နိုင်လောက်ပါဘူး။ နေ့တိုင်းမှာ ညတိုင်းမှာ တဒိုင်းဒိုင်း ပစ်ခတ်လွင့်စင်လာတဲ့ ကြိယာတွေ၊ နာမဝိသေသနတွေ၊ ငါတို့ဆီကို အချိန်နဲ့ အမျှ ကျရောက် လာနေပါတယ်။ ဒဿမတစ်ခုတည်းနောက်က မရေမတွက်နိုင် ကိန်းစဉ်တန်းတွေရဲ့ မီးတောက်လောင် ဆာလောင်မှုတွေက ငါတို့ထဲက တချို့ကို နမ်းရှုံ့ ပွေ့ချီသွားတယ်။ ကြိယာဝိသေသနတွေတိုင်းဟာ တချို့အတွက်တော့ အင်္ဂါနေ့၊ တချို့အတွက်တော့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခု၊ တစ်ခုထက်လည်း ပိုချင် ပိုနိုင်ပါတယ်။
(၄)
ငါ မပြောတဲ့ ဘာသာစကားက သူ မွေးထားတဲ့ သစ်ပင်တချို့နဲ့ အတူ အမဲလိုက်ရာက ပြန်လာတယ်
နေ့တိုင်းမှာ အတိတ်ပြောသူနဲ့ အတိတ်ပြုလုပ်သူတွေ ရန်ဖြစ်ကြတယ်။ ညတိုင်းမှာ ငါမပြောတဲ့ ဘာသာစကားရဲ့ လက်သည်းခြေသည်း လှီးဖြတ်စ အပဲ့အရွဲ့တွေကို ပြန်လည် စိုက်ပျိုးရာက ပွင့်ဖူးလာတဲ့ ပန်းတွေကို ဆင်ယင်ရင်း ငါ မပြောတဲ့ ဘာသာစကားကို ငါတို့တချို့ ပြန်ဖျော်ဖြေရတုန်းပဲ။ ညတွေထဲမှာ လွင့်စင်လာတဲ့ ဒီလောက်ပဲလား ဆိုတဲ့ ထပ်ကျော့ သားချော့တေးကို ညအိပ်ဝတ်စုံလို တချို့ ဝတ်ဆင်ပြီး ညကြီးထဲကို အိပ်ပျော်ဝင်သွားကြတယ်။ ရင်းနှီးပြီးသား ဦးခေါင်းခွံတွေမှာ လက်ထိုးထည့်ပြီး ပြဇာတ်က ကစားဖို့ ငါတို့ထဲက တချို့ လည်း ခိုးပြီး နိုးပြီး ကျန်ရစ်ကြတယ်။
(၅)
ငါ မပြောတဲ့ ဘာသာစကားက “အိပ်ကြပြီလား” လို့ ငါတို့ကို မေးတယ်၊ သူ့ရဲ့ ဟာသလျှာဟာ အဖြေအစအနတွေကို နေရာအနှံ့မှာ ရှာဖွေနေတယ်
သာမန်ထက် ပိုပြီး တိတ်ဆိတ်နေလိုက်တာဟာ မေးခွန်းကို ဖြေဆိုတဲ့ ပုံစံထဲက တခုခု မဖြစ်သွားစေဖို့ မျှော်လင့်ပေမယ့် ငါတို့မှာ ရွေးချယ်စရာ များများစားစား မရှိဘူး။ မနက်ကျရင် လျှာအောက်က ရသလောက် ပြန်ဆွဲထုတ်လာရမယ့် အရိုးစု တချို့နဲ့ ပြဇာတ် ဇာတ်ကွက် ပုံစံကွဲတွေအကြောင်း ခြေဟန်လက်ဟန်နဲ့ ငါတို့ ဆွေးနွေးပြီး ပင်လယ်ဘေးမှာ ကျန်ခဲ့တယ်။ ။
- ဏေသစ်