ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်

ထရိုဂျန်မြင်းရဲ့အသား
 
ထရိုဂျန်မြင်းရဲ့အသားကိုမှ စားချင်သတဲ့။ သူမချဉ်ခြင်းတပ်ပုံက။ ပြီးတော့ ဆက်ပြောပြန်တယ်။ ဒီမယ် ရှင်ပြောမှာတွေ ကျွန်မကြိုသိနေတယ်။ ရှင်သိအောင် အရင်ပြောလိုက်မယ်။ မြင်းသားဟာ ချိုတယ်။ ခွန်အားဖြစ်စေတယ်။ လိုအပ်တဲ့အခါ အတိတ်နဲ့အဝေးဆုံးကို အလျင်မြန်ဆုံးပြေးနိုင်စေတယ်။ ပြီးတော့ မှတ်ထား ဥပါယ်တံမျဉ်တွေဟာလည်း ချိုတယ်။ သြော် မပြီးသေးဘူး မြင်းကိုစားတာဟာ သူသွားခဲ့တဲ့ ခရီးမိုင်တွေကိုပါ စားလိုက်ရတာမျိုး။ ကျွန်တော်ဟာ အဝေးက ဧရာမထရိုဂျန်မြင်းကြီးကို ငေးနေမိတယ်။ မြင်းကြီးရဲ့ ဝမ်းခေါင်းထဲမှာ ဂရိစစ်သည်တွေ ပုန်းအောင်းနေမှာ ကျွန်တော် သိတယ်။ သူတို့ဟာ ထရိုဂျန်မြင်းရုပ်ကြီးရဲ့ မျက်စိပေါက်ကနေ ကျွန်တော်တို့ရှိရာကို ပြန်ငေးနေမှာလည်း ကျွန်တော်သိတယ်။ တခါသားတော့ ညကြီးသန်းခေါင်မှာ ထရိုဂျန်မြင်းကြီးဟာ အဆက်မပြတ် ဟီတယ်။ ကျွန်တော်တို့အားလုံး အိပ်ရာက လန့်နိုးလာတယ်။ ပြီးတော့ ပြန်အိပ်မရကြတော့ဘူး။ သမိုင်းတလျှောက် လူတွေဟာ မြင်းသားကို စားခဲ့တာပဲ။ အငတ်ဘေးဆိုက်ချိန်မှာ၊ စိတ်ပုံမှန်မဟုတ်တဲ့အခါမှာ၊ သစ္စာရှိတဲ့ မြင်းကြီးအိုသွားတာ မကြည့်ရက်တဲ့အခါမှာ စသဖြင့် အကြောင်း အမျိုးမျိုးပေါ့လေ။ ဒီကောင်တွေက ဒူပေတာပေလည်း တကယ်ခံတဲ့ကောင်တွေ။ နှင်းသည်းသည်းထဲမှာ၊ မုန်တိုင်းထဲမှာ၊ ဘယ်မှာဖြစ်ဖြစ် အိမ်ရောက်အောင်ပြန်တာ။ နွေးထွေးတဲ့ မြင်းဇောင်းကိုပဲ သူတို့မြင်ပြီး ကျန်တဲ့အရာတွေကို သူတို့မမြင်ဘူး။ တကယ်တော့ မြင်းရဲ့ ခန္ဓာဗေဒဟာ တအား လှတယ်။ သန်မာတဲ့ကြွက်သားတွေ၊ ကြေကွဲနေတဲ့မျက်ဝန်းအစုံ၊ ကျက်သရေရှိသလောက် ဆွေးမြည့်ဖွယ် လေထဲလွင့်နေတဲ့ လည်ဆံမွေးတွေ။ လီယိုနာဒိုဒါဗင်ချီ ဆွဲခဲ့တဲ့မြင်းတွေ မြင်ဖူးတယ် မဟုတ်လား။ အံ့ဖွယ်သရဲလှပတဲ့ သတ္တဝါတွေ။ ဒါပေမယ့် သူတို့နဲ့ မထိုက်တန်တဲ့ အသေဆိုးတွေနဲ့ တခါတလေ သူတို့ သေရရှာတယ်။ တိကနဲဖြတ်ခံရတဲ့ မြင်းခေါင်းဟာ ဆယ်ပေလောက်အဝေးကို လိမ့်သွားတာ၊ မြင်းခန္ဓာကိုယ်ကြီး နှစ်ခြမ်းကွဲသွားတာ၊ အထဲက ကလီစာတွေ ထုတ်ခံရပြီး အခွံချည်းသက်သက်ကျန်ခဲ့တာ။ ဒါပေမယ့် ဒါတွေဟာ ဖြစ်တောင့်ဖြစ်ခဲတွေပါ။ သာမန်အားဖြင့်တော့ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးမှာ မြင်းတစ်ကောင်ဟာ ရေသောက်နေမှာပေါ့လေ။ ဘဝဟာလည်း ဆက်စီးနေမှာပေါ့။ လေရူးကလေးလည်း တချက်လေဝှေ့လာမှာပေါ့။ တရက်မှာတော့ ကျွန်တော်တို့ဟာ မြင်းတွေနဲ့ မဖြစ်မနေပတ်သက်ရမှာပဲ။ မထင်တဲ့အချိန်မှာ ကျွန်တော်တို့စိတ်ထဲကို ထရိုဂျန်မြင်းကြီး ဝင်လာမှာပဲ။ သေချာတာက ထရိုဂျန်မြင်းရဲ့ အသားဟာ လောကမှာအချိုဆုံး ဆိုတာ။
 




အေးစက်ခြင်းရဲ့ အခြားအမည်နာမတော်
 
အေးစက်ခြင်းရဲ့ အခြားအမည်ဟာ သုဘရာဇာ ဖြစ်တယ်။ ဒါမှမဟုတ် ဝက်မှင်ဘီး ဖြစ်တယ်။ ဒါပေမယ့် ခင်ဗျားထင်သလို နှင်းတော့မဟုတ်ဘူး။ အမည်ပေးခြင်းဟာ အဲဒီလောက် မလွယ်ကူဘူး။ တခါတလေ နတ်မေးရတယ်။ သေသူနဲ့ ဆက်သွယ်ရတယ်။ ဟိုဘက်က မမြင်နိုင်တဲ့အရပ်မှာရော ဘယ်လိုနာမည်တွေ ခေတ်စားလဲ။ ဥပမာ လူတစ်ယောက်ကို အေးစက်တဲ့နွားနို့ လို့ ခေါ်လို့ရလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာသားဟာ ငါ့ခေါင်းထဲမှာ စွဲနေခဲ့လို့ပဲ။ တိုင်းပြည်မှာ အရေးအခင်းကြီး ဖြစ်ပြီးသွားလည်း အဲဒီစာသားဟာ ငါ့မှတ်ဥာဏ်ထဲက ထွက်မသွားဘူး။ တချိန်က ပျားဂေဟာမှာ နွားနို့ဝယ်ဖို့ ငါတို့ တန်းစီရတယ်။ တစ်အိမ်ကို ဘယ်နှပုလင်းနှုန်း ဆိုတာမျိုး။ ရေခဲသေတ္တာထဲမှာ နို့ပုလင်းတွေ ငါ စီထည့်တယ်။ အေးစက်ခြင်း ဆိုတာဟာ ငါ့သိစိတ်ထဲကို ဘယ်အချိန်က စဝင်ခဲ့ပါလိမ့်။ သူ့လက်အိတ်တွေ ချွတ်ပြီး ငါ့ကို လက်ဆွဲနှုတ်ဆက်လိုက်တဲ့ အေးစက်ခြင်းရဲ့တမန်တော်။ သူရဲ့ဆွတ်ဖားဆွဲတဲ့ ခွေးသမင်ကြီးတွေဟာ သင့်ကိုအေးစက်ခြင်းရဲ့ တခြားအမည်ဝှက်တွေ ပြောပြလိမ့်မယ်။ သူမသိစေနဲ့တဲ့။ အဲဒါတွေက တော်လှန်ရေး၊ ခွေးသေးပန်းပင်၊ ဖာခေါင်း၊ လေတံစို့၊ မောင်ပေါက်ကျိုင်း။ မောင်ပေါက်ကျိုင်း ဆိုတာ ချစ်သူ့အရိုး ဆံထိုးလုပ် ဆိုတဲ့ မောင်ပေါက်ကျိုင်းပဲပေါ့။ အဲဒါ အေးစက်ခြင်းပဲ။ အေးစက်တဲ့ လေတဟူးဟူးအောက်မှာ ကိုယ့်ချစ်သူကို မြေကြီးထဲ မြှုပ်နေတာ။ ကိုယ့်ခြံထဲက သရက်ပင်အောက်မှာပဲ။ ပြီးတော့ အဲဒီအပေါ် ကားတာယာဟောင်းကြီး ထားလိုက်တယ်။ ပြီးပြီ။ အပ္ပကိစ္စောပဲ။ ဒါဘာထူးဆန်းလို့လဲ။ အဲဒါမျိုးရုပ်ရှင်တွေမှ အများကြီး။ စိတ်ဟာ အေးတဲ့နေရာ အမြဲလိုက်ရှာတာပဲလေ။ လက်ဟာ၊ နှာမောင်းဟာ၊ ဦးမှင်ဟာ အေးတဲ့အထိအတွေ့ကို လိုက်စမ်းနေတာ။ သူ အိပ်မရဘူး။ ဆေးလိပ်မီးညှိလိုက်ပြီး အငွေ့တွေကို သူ့အဆုတ်ထဲ တအားရှိုက်သွင်းလိုက်တယ်။ အဲဒီအသက်ရှင်မှုဆိုတာဟာလည်း အေးစက်ခြင်းရဲ့ အခြားအမည်နာမတော်။
 




မူလဆီ သွားခြင်း
 
မူလဆီ သွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေးရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီ သွားခြင်းဟာ မူလဆီ ပြန်ခြင်းမဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။
ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်းဟာ ဘဝမှာတကြိမ်ဖြစ်ဖြစ် ကြောင် ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီ သွားဖို့ ဖြစ်လာစေမယ့် အကြောင်းတခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီ သွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လို၊ မလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီ မသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ ပြီးတော့ ထမင်းချိုင့်လေးဆွဲ ဘတ်စ်ကားမှတ်တိုင်ကို ပြေးပြီ။ မူလဆီ သွားဖို့ သိပ်မိုးချုပ်ရင် မကောင်းဘူး။ မူလဆီမှာ မိုးတဖွဲဖွဲများ ရွာနေမလား။ မူလဆီ သွားဖို့ ပန်းတွေဟာ အနက်ရောင်လေနဲ့ သွေးနှောလိုက်တယ်။ ဒါတွေမတိုင်ခင် ပေါလ်ဆေလန်းလည်း ရေခဲနေတဲ့ မြစ်ပေါ်ကို ခုန်ချ၊ ယန်းပါလာ့ခ်လည်း ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တာပဲ မဟုတ်လား။ စိတ်အေးအေး ထားစမ်းပါ။ လေဟာ သူ့အလုပ်သူ လုပ်သွားမှာပါ။ မူလဆီ မရောက်ခင် မျက်ရည်တွေ အလိုလို ခြောက်သွားလိမ့်မယ်။ မဟုတ်လည်း ခဲသွားလိမ့်မယ်။ ဖယောင်းတိုင်ဘေးမှာ ကပ်နေတဲ့ ဖယောင်းစက်တွေလို။ သင် ကြီးပြင်းရာမြို့တော်ဟာ မူလဆီ သွားဖို့ အရိုးနဲ့ခင်းထားတဲ့လမ်းပေါ် မြင်းကို အသော့နှင်ခဲ့တယ်။ မူလဆီ သွားဖို့ အဲသလောက် ခက်ခဲသလား။ ရထားပြတင်းတွေမှာ လက်ပြနေတဲ့ လက်တွေကတော့ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။ ပြန်လာတဲ့သူ လာတယ်။ ပြန်မလာတဲ့သူ မလာဘူး။ မွေးရပ်မြေဆိုတိုင်း မူလကို ပြောတာမဟုတ်ဘူး။ မူလဆီ အိမ်နံရံအက်ကြောင်းထဲကနေ သွားရင်လည်း သွားရမှာပဲ။ အဲဒီမူလဆီ သူသွားမလား ငါသွားရမလား။ သူနဲ့ငါ ဘဝချင်း လဲလိုက်တယ်။ မိန်းမချင်း လဲအိပ်တယ်။ သူ့မိန်းမနို့ပေါ်က မှဲ့ဟာ ငါ့ကို မူလ အကြောင်းပဲ တွေးမိစေတယ်။ မူလဆီ အသွားလမ်းတဝက်က ပန်းခြံခုံရှည်တွေမှာ ထိုင်နေတဲ့လူတွေ။ သူတို့ခွေးတွေ တကောင့်ဖင် တကောင်နမ်းနေတာကြည့်ရင်း။ ပြီးတော့ မှန်ရှေ့မှာ တဟားဟားရယ် ပြီးတော့ ချက်ချင်းငိုကြတဲ့ လူတွေ။
မူလဆီ သွားဖို့ ဗုဒ္ဓရဲ့ သင်္ကန်းစကို သူဆွဲထားတယ်။ ကလေး တစ်ယောက်လို။ မူလဆီ သွားဖို့ ပြာမှုန်တွေဟာ မနက်အစောကြီးထကြတယ်။ မီးဖိုမှာ မီးတောင်မမွှေးရသေးဘူး။ ပြင်ဆင်ဖီးလိမ်းပြီးတာနဲ့ သူတို့ ချက်ကို ပလာစတာနဲ့ ကပ်ကြတယ်။ ကားတောက်တတ်တဲ့ အဲဒီလေလွင့်ပြာမီးခိုးတွေ။






ဆူးလှည်းကြီးဟာ တကျွိကျွိ

ဆူးလှည်းကြီးဟာ နိုးခါနီးလူတွေရဲ့ မသိတသိစိတ်အာရုံထဲမှာ တကျွိကျွိနဲ့ မောင်းနေတယ်။ဒုတိယဝါကျဟာ ငါ့အဖို့ အမြဲခက်တယ်။ အထူးသဖြင့် သက်လတ်ပိုင်းရောက်လာသူတွေ အဖို့ဒုတိယဝါကျဟာ ခက်ခဲတယ်။ ဆေးလိပ်ဖြတ်ပြီးသူဟာ ဒုတိယဆေးလိပ်ကို မီးညှိခါနီးလို။ဒါမှမဟုတ် KTVမှာ ပထမတခါနမ်းခဲ့တဲ့ မိန်းကလေးကိုပဲ ဒုတိယတခေါက် ပြန်ခေါ်ခါနီးလိုပေါ့။ ဆင်ခြင်တုံတရားနဲ့ တွေဝေမှု ဝင်လာရင် အခိုက်အတန့်တခုရဲ့ သွေးသားဟာ ချက်ချင်းညစ်နွမ်းသွားတယ်။ ခါးနေတဲ့ ငါ့လျှာပေါ်မှာ ပထမညရဲ့ မီးပုံအကြွင်းအကျန်ကလေးရှိနေတုန်းပဲ။ အရုဏ်ရဲ့ အမှောင်ထဲမှာ မွေးရပ်မြေကို စွန့်ခွာသူတွေရဲ့ သော့ဖွင့်သံကိုကြားနေရတယ်။ ပြီးတော့ တကျွိကျွိ ဆူးလှည်းကြီး။ ဘယ်အရပ်ဒေသရောက်ရောက်မိုးလင်းခါနီးတိုင်း ဆူးလှည်းကြီးရဲ့ အသံကို ငါကြားတယ်။ ငါ ရက်ပိုင်းပဲနေခဲ့တဲ့မန်ဟက်တန်က ဟိုတယ်အစုတ်ကလေးရဲ့ နှစ်ထပ်ကုတင် အပေါ်ထပ်မှာတောင် ဒီလှည်းသံကိုငါကြားခဲ့တယ်။ တခါတလေ ဆူးကိုင်းတွေပေါ်မှာ ပုစဉ်းပျံတွေနားလို့။ လှည်းဘီးတွေဟာ စွတ်စိုနေတဲ့ မြေသားတလျှောက် ဖျောက်ဖျက်မရတဲ့သမိုင်းကို ချန်ထားခဲ့တယ်။ သော့ဖွင့်သံ၊ဘာဂျာတံခါးကို ဆွဲဟသံတွေဟာ သင့်ကို တုန်လှုပ်စေတယ်။ သံ နဲ့ ဝိဥာဏ် ထိတဲ့အသံဟာသင့်ခြင်ဆီထဲထိ စိမ့်ဝင်သွားပြီး ခွေးအတစ်ကောင်လို အဲဒီအရိုးခြင်ဆီကိုကိုက်ခဲစုပ်ယူလိမ့်မယ်။ မွေးရပ်မြေဆိုတာ ဆူးပန်းတွေ ပွင့်ရာအရပ်ပဲ။ ဆူပန်းရဲ့ရနံ့ဟာသံဘာဂျာတံခါးကို ဖွင့်ရင်း တံခါးညှပ်ပြီး သွေးခြေဥသွားရဲ့။ ဆူးလှည်းကြီးဟာ အမြန်လမ်းပေါ်တက်မောင်းတဲ့အခါ သူ့ကိုရှောင်ရင်း ကားတွေ မှောက်ကုန်တယ်။ အဲဒီအခါ နာနာဘာဝတွေပိုများလာပြီး အဲဒီနာနာဘာဝတွေမောင်းတဲ့ ဆူးလှည်းတွေလည်း ပိုများလာတယ်။ တဖြည်းဖြည်းနဲ့ မွေးရပ်မြေမှာ မြေကြီးထဲက ဆွဲနှုတ်ခံရတဲ့ သစ်ပင်အမြစ်တွေနဲ့ တူတဲ့ နာနာဘာဝတွေပဲ ကျန်ရစ်လိမ့်မယ်။ သူတို့ဟာ သူတို့တံတွေးကို မျိုးစေ့အဖြစ်ဆူးလှည်းကြီးသွားရာ လမ်းတလျှောက် ချခဲ့လိမ့်မယ်။ ပြီးတော့ ပုစဉ်းပျံတွေ သူတို့မျက်နှာနား မကပ်အောင်၊ ပါးစပ်ခါးတာလည်း ပျောက်အောင် ဒုတိယဆေးလိပ်တွေကို မီးညှိကြလိမ့်မယ်။